top of page
  • Mark Livingston

ကန့်သတ်ထားသော ပုဂ္ဂိုလ်စုပေးရန်တာဝန်ဆိုတာ ဘာလဲ။ ပြန်လည်ဖော်ပြချက် .....

ကန့်သတ်ထားသော ပေးရန်တာဝန်ဆိုသည်မှာ လုပ်ငန်းတစ်ခုမှ ပိုင်ရှင်များ၏ ပေးရန်တာဝန်အား  ယင်းလုပ်ငန်းတွင် ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန် သဘောတူညီထားသည့် မတည်ငွေရင်းဖြင့်သာ ကန့်သတ်ထားသည့် စည်းမျဥ်း သို့မဟုတ် စည်းကမ်းချက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ကန့်သတ်ထားသော ပေးရန်တာဝန် အကျိုးသက်ရောက်မှုရှိရာတွင် လုပ်ငန်းမှ ကြွေးမြီတင်ရှိသည့်အခါ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းရှင်ဖြစ်သည်ဆိုသည့်အချက်ကြောင့်မျှနှင့် အဆိုပါကြွေးမြီများကို ပေးဆပ်ရန် တာဝန်မရှိပါ။ လုပ်ငန်းတစ်ခု လူမွဲခံယူသည့်အခါ သို့မဟုတ် တစ်နည်းနည်းဖြင့် ပိတ်သိမ်းသည့်အခါ လုပ်ငန်းရှင်များသည် ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် မတည်ငွေရင်းပမာဏကို ပြန်လည်ရရှိမည်မဟုတ်ပဲ ဆုံးရှုံးကြရမည်ဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအတွက် ၎င်းတို့ ထည့်ဝင်ရန် သဘောတူညီထားသည့် မတည်ငွေရင်းအား ပေးချေပြီးဖြစ်ပါက ထပ်မံပေးရန်တာဝန်မရှိတော့ပါ။ ထိုသို့ ၎င်းတို့၏ ပေးရန်တာဝန်ကို ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုမတည်ငွေရင်းဖြစ်သာ ကန့်သတ်ထားရာမှ “ကန့်သတ်ထားသော ပေးရန်တာဝန်” ဟူသည့် စကားလုံး ပေါ်ပေါက်လာရခြင်းဖြစ်သည်။


ရင်းနှီးမြှုပ်နှံသူများအား ဆုံးရှုံးနိုင်ခြေများ ကန့်သတ်၍ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်အတွက် ကန့်သတ်ထားသော ပေးရန်တာဝန်ဖြင့် ရင်းနှီးမြှုပ်နှံမှုပုံစံကို ၁၈ ရာစုနှစ်တွင် ဥရောပတွင် စတင်ကျင့်သုံးအသုံးပြုခဲ့ကြသည်။ ကန့်သတ်ထားသော ပေးရန်တာဝန်ကို များသောအားဖြင့် ကုမ္ပဏီများနှင့် ဆက်စပ်၍ အသုံးပြုကြပြီး ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းတွင် အတည်ပြုပြဋ္ဌာန်းထားတတ်ကြသည်။ ကုမ္ပဏီအစုရှယ်ယာရှင်အများစုသည် ၎င်းတို့ဝယ်ယူထားသည့် အစုရှယ်ယာအတွက် ပေးရသော ငွေကြေး သို့မဟုတ် ကုမ္ပဏီအတွက် ၎င်းတို့ ပြုလုပ်ထားသော အခြားမတည်ရင်းနှီးမြှုပ်နှံမှုဖြင့်သာ ပေးရန်တာဝန် ကန့်သတ်ထားခြင်းကို သဘောကျနှစ်ခြိုက်ကြသည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ပတ်သက်သည့် ကန့်သတ်ထားသော ပေးရန်တာဝန်ကို ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ ဥပဒေပုဒ်မ ၆ တွင် ထည့်သွင်းဖော်ပြထားသည်။ သို့သော် မြန်မာနိုင်ငံတွင် ၎င်းအယူအဆကို ၁၉၁၄ ခုနှစ်ကတည်းက အစောဆုံး အသိအမှတ်ပြုခဲ့ကြပြီး ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊ ဥပဒေပုဒ်မ ၅ တွင် ရည်ညွှန်းထားသည်။ အခြေခံကျ၍ ကြာမြင့်စွာ ရှိခဲ့သော အယူအဆဖြစ်သော်လည်း တစ်ခါတရံ မြန်မာနိုင်ငံမှ အစုရှယ်ယာရှင်များနှင့် ကျွမ်းကျင်အကြံပေးပုဂ္ဂိုလ်များက ကန့်သတ်ထားသော ပေးရန်တာဝန်၏ အသုံးဝင်ပုံကို အပြည့်အဝ တန်ဖိုးမထားခြင်းကို တွေ့မြင်ရသည်။


ကန့်သတ်ထားသော ပေးရန်တာဝန် ချွင်းချက်ဖြစ်နိုင်သည့် အခါများ ရှိပါသည်။ မြန်မာနိုင်ငံ၏ ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေ၏ ဥပဒေပုဒ်မ ၂၄ တွင် လုပ်ငန်းတစ်ခုခုကို ရပ်စဲလျှင် ထိုသို့ ရပ်စဲခြင်း ပြသည့်အချိန်တွင် ယင်းလုပ်ငန်းတွင် အစုပါဝင်သူတိုင်းအား အဆိုပါလုပ်ငန်းမှ ဝင်ငွေနှင့် စပ်လျဥ်း၍ ဝင်ငွေခွန်စည်းကြပ်ခံရန် တွဲဘက်၍ဖြစ်စေ၊ ကိုယ်စီကိုယ်ငှဖြစ်စေ တာဝန်ရှိစေရမည်ဟု ပါရှိသည်။ ပြည်တွင်းအခွန်များဦးစီးဌာနက အစုရှယ်ယာရှင်များ၏ အခွန်ပေးရန်တာဝန်နှင့် စပ်လျဥ်း၍ အဆိုပါဥပဒေပုဒ်မ ၂၄ အား ကိုးကား၍ စည်းကြပ်သည့် ဖြစ်ရပ်မျိုး မကြုံဖူးသော်လည်း ၎င်းဥပဒေပုဒ်မသည် နောင်တွင် အစုရှယ်ယာရှင်များအတွက် ထူးခြားသော ပေးရန်တာဝန်အမျိုးအစားတစ်ရပ် ဖြစ်လာနိုင်သည်။


ထို့ပြင်အစုရှယ်ယာရှင်များသည် မိမိကိုယ်တိုင် ကုမ္ပဏီ၏ကြွေးမြီများနှင့် ပတ်သက်၍ ပေးရန်တာ၀န်အား သီးခြား သဘောတူညီခြင်းဖြင့် အစုရှယ်ယာရှင်၏ ပေးရန်တာ၀န်များပေါ်ပေါက်လာစေနိုင်သည်။ ဥပမာ အစုရှယ်ယာရှင်တစ်ဦး သည် ကုမ္ပဏီ၏ ကြွေးမြီများအား အာမခံပေးရန် သဘောတူညီခြင်း (Guarantee Debts)။ အစုရှယ်ယာမတည်ငွေရင်းနှင့် သက်ဆိုင်သည့် ကန့်သတ်ထားသော တာဝန်သည် အစုရှယ်ယာရှင်အနေဖြင့် သီးခြားပေးရန် သဘောတူညီထားသော ပေးရန်တာဝန်များမှ အကာအကွယ်မပေးနိုင်ပါ။ သို့သော် ဖြစ်ရပ်အများစုတွင် မြန်မာနိုင်ငံကုမ္ပဏီများတွင် အစုရှယ်ယာဝယ်ယူထားသူများအနေဖြင့် ကုမ္ပဏီတွင် ၎င်းတို့ ရင်းနှီးမြှုပ်နှံရန် သဘောတူညီထားသော မတည်ငွေရင်းမှ လွဲ၍ ကုမ္ပဏီနှင့် စပ်လျဥ်း၍ အခြားပေးရန် တာဝန်မရှိကြောင်းကို စိတ်ချလက်ချ နေနိုင်ပါသည်။

Comments


bottom of page