ကုမ္ပဏီအသစ်တစ်ခုဖွဲ့စည်းတည်ထောင်ရာတွင် အစုရှယ်ယာမည်သည့်အရေအတွက်ထုတ်ဝေရောင်းချသင့်ပါ သနည်း၊ အစုရှယ်ယာတစ်စုလျှင် တန်ဖိုးမည်မျှစီရှိသင့်ပါသနည်းဟူသော မေးခွန်းမျိုးကို ကျွန်ုပ်တို့အမှုသည်များက မကြာခဏမေးခွန်းထုတ်လေ့ရှိကြပါသည်။ အမှန်စင်စစ်အားဖြင့် ဤသည်မှာ အမှုသည်များက ၄င်းတို့၏အနေ အထားပေါ်အခြေခံ၍ ၄င်းတို့ကိုယ်တိုင်ဆုံးဖြတ်ရမည့်အချက်သာဖြစ်ပါသည်။ သို့ပါသော်လည်း ဤသို့ဆုံးဖြတ်ရာ တွင် ကိစ္စအားလုံးနီးပါးအတွက်ထည့်သွင်းစဉ်းစားသင့်သည့်အခြေခံအချက်အချို့ရှိပြီး ထိုအချက်များက အစု ရှယ်ယာအရေအတွက်မည်မျှထားရှိသင့်ကြောင်း၊ အစုရှယ်ယာတစ်စုတန်ဖိုးမည်မျှရှိသင့်ကြောင်း ဆုံးဖြတ်နိုင်ရန် အထောက်အကူပြုနိုင်ပါသည်။
အစုရှယ်ယာဆိုသည်မှာ အဘယ်နည်း။
ပထမဆုံးအနေဖြင့် အစုရှယ်ယာ၏သဘောသဘာဝ၊ အစုရှယ်ယာထည့်ဝင်မှုနှင့်ပတ်သက်၌ အကျဉ်းလေ့လာကြည့် ကြပါစို့။ ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာများရှိသောအခါ (အများစုတွင် အစုရှယ်ယာများသတ်မှတ်ထားရှိကြပါ သည်)၊ ကုမ္ပဏီ၏ပိုင်ဆိုင်မှုအခွင့်အရေးများကို သီးခြားယူနစ်တစ်ခုစီအဖြစ် ပိုင်းခြားထားရှိခြင်းဖြစ်ပါသည်။ အစုရှယ်ယာတစ်စုစီသည် ကုမ္ပဏီ၏ပိုင်ဆိုင်မှုယူနစ်တစ်ခုကို ရည်ညွှန်းပါသည်။
အစုရှယ်ယာအရေအတွက်
မြန်မာနိုင်ငံတွင် အစုရှယ်ယာများကို အနည်းဆုံးအစုရှယ်ယာတစ်စုအထိ ထားရှိနိုင်ပါသည်။ အစုရှယ်ယာရှင် များစွာရှိသော ကုမ္ပဏီအသစ်တစ်ခုတွင် အစကတည်းက သတ်မှတ်ထားသော ကနဦးအစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှုအချိုးအစားများနှင့်လည်းကောင်း၊ အစကတည်းက သတ်မှတ်ထားသော အစုရှယ်ယာမတည်ငွေရင်း ထည့်ဝင်မှုပမာဏနှင့်လည်းကောင်း ကိုက်ညီမှုရှိသောအစုရှယ်ယာများအရေအတွက်ကို ရွေးချယ်သတ်မှတ်ကြ သည်မှာ သဘာဝကျသည့်ကိစ္စရပ်ဖြစ်ပါသည်။ ဥပမာ – A၊ B၊ C ဟူသည့်အစုရှယ်ယာရှင် သုံးဦးရှိကြသည်ဆိုပါစို့။ အစုရှယ်ယာရှင် A က ကုမ္ပဏီ၏ ၆၀% ကိုပိုင်ဆိုင်ပြီး အစုရှယ်ယာရှင် B နှင့် C တို့က ကုမ္ပဏီ၏ ၂၀% ကို အသီးသီး စီပိုင်ဆိုင်ကြသည်ဆိုပါက အစုရှယ်ယာရှင် A အား အစုရှယ်ယာ ၆၀ စု၊ အစုရှယ်ယာရှင် B နှင့် C တို့အား အစုရှယ်ယာ ၂၀ စုစီ၊ စုစုပေါင်းအစုရှယ်ယာ ၁၀၀ စုထုတ်ဝေရောင်းချလိုက်မည်ဆိုပါလျှင် ရှင်းလင်းသည့်အနေ အထားတစ်ရပ်ဖြစ်ပါမည်။ အစပိုင်းတွင် မည်သည့်အစုရှယ်ယာရှင်ကမျှ ပမာဏကြီးမားသောအစုရှယ်ယာမတည် ငွေရင်းများကို ထည့်ဝင်မည်မဟုတ်သည့်အခြေအနေဖြစ်ပါက အစုရှယ်ယာတစ်စု၏တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁ ဒေါ်လာသော်လည်းကောင်း၊ မြန်မာကျပ်ငွေဖြင့်သတ်မှတ်လိုပါက မြန်မာကျပ်ငွေ ၁၀,၀၀၀ ကျပ်သော် လည်းကောင်း သတ်မှတ်နိုင်ပါသည် (မြန်မာနိုင်ငံတွင် အစုရှယ်ယာတန်ဖိုးကို အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာကျပ်ငွေ ဟူသည့်ငွေကြေးအမျိုးအစားနှစ်ခုဖြင့်သာ သတ်မှတ်နိုင်ပါသည်)။
အစုရှယ်ယာနှုန်းထား နှင့် အစုရှယ်ယာမတည်ငွေရင်း
အစုရှယ်ယာရှင်များ (အများအားဖြင့် “ကုမ္ပဏီတွင်ပါဝင်သူများ (Members)” များအဖြစ်ရည်ညွှန်းလေ့ရှိကြပါ သည်) သည် အများအားဖြင့် ကုမ္ပဏီတွင် ငွေကြေးထည့်ဝင်မည်ဟု သဘောတူခြင်းအားဖြင့် အဆိုပါပိုင်ဆိုင်မှုယူနစ်
တစ်ခုစီကို “ဝယ်ယူ” ကြရပါသည်။ (တစ်ခါတရံ ငွေကြေးအစား အခြားတန်ဖိုးရှိသောအရာများကိုလည်း ကုမ္ပဏီ တွင် ထည့်ဝင်နိုင်ပါသည်) သို့ဖြစ်ပါ၍ ကုမ္ပဏီတစ်ခုက အသစ်ထုတ်ဝေရောင်းချသောအစုရှယ်ယာတစ်စုစီအတွက် နှုန်းထားများကို သတ်မှတ်ပေးရန်လိုအပ်ပါသည်။
ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာများအတွက်စုစုပေါင်းပေးချေရသည့်ပမာဏကို အများအားဖြင့် “အစုရှယ်ယာ မတည်ငွေရင်း” (Share Capital သို့မဟုတ် Equity Capital) ဟူ၍ ခေါ်ဆိုလေ့ရှိကြပြီး “Equity Capital” ဟူသော စကားရပ်တွင် “Equity” ဆိုသည်မှာ “ပိုင်ဆိုင်မှုနှင့်သက်ဆိုင်သော” ဟူ၍ အဓိပ္ပာယ်ရပါသည်။
ကုမ္ပဏီအသစ်က ထုတ်ဝေရောင်းချမည့်အစုရှယ်ယာများအတွက် မည်သည့်နှုန်းထားတစ်ရပ်ကိုမဆို သတ်မှတ်နိုင် ပါသည်။ အဆိုပါနှုန်းထားသည် အလွန်နည်းပါးသောပမာဏတစ်ရပ်လည်းဖြစ်နိုင်ပါသည်။ အစုရှယ်ယာတစ်စုလျှင် နည်းပါးသောနှုန်းထားကိုထားရှိခြင်းမှာ ကုမ္ပဏီအသစ်တစ်ခုကို “ယခုမှအောက်ခြေအစကနေ” တည်ထောင်ခြင်း၊ မည်သည့်လုပ်ငန်း သို့မဟုတ် ပိုင်ဆိုင်မှုအခြေပစ္စည်း (Assets) မျှမရှိသေးခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ သို့ရာတွင် အစုရှယ်ယာရှင်အသစ်များက အစကတည်းက ကုမ္ပဏီ၏စတင်ဆောင်ရွက်မည့်လုပ်ငန်းများ (Start-up Activities) အတွက် ငွေကြေးဖြည့်ဆည်းပေးရန်ရည်ရွယ်၍ ကုမ္ပဏီတွင် ငွေကြေးထည့်ဝင်မည်ဆိုပါက ထိုငွေကြေး ထည့်ဝင်မှုကို အစုရှယ်ယာမတည်ငွေရင်းအဖြစ် ထည့်ဝင်မှုရှိ၊ မရှိ စဉ်းစားဆုံးဖြတ်ကြရပါမည်။ အစုရှယ်ယာမတည် ငွေရင်းအဖြစ်ထည့်ဝင်မည်ဆိုပါက အစုရှယ်ယာတစ်စု၏နှုန်းထား သို့မဟုတ် အစုရှယ်ယာအရေအတွက် (သို့မဟုတ် နှစ်ခုစလုံး) သည် အစုရှယ်ယာရှင်များက ထည့်ဝင်မည့်အစုရှယ်ယာမတည်ငွေရင်းပမာဏအတွက် လုံလောက်သောအနေအထားတစ်ရပ်ဖြစ်ရပါမည်။
အစကတည်းက အစုရှယ်ယာရှင်တစ်ဦးဦးက အစုရှယ်ယာမတည်ငွေရင်းကို ထည့်ဝင်မည်ဆိုပါက အစုရှယ်ယာ အရေအတွက်၊ အစုရှယ်ယာတစ်စု၏နှုန်းထားများနှင့်ပတ်သက်၍ စဉ်းစားဆုံးဖြတ်သင့်ပါသည်။ ဥပမာ – အစု ရှယ်ယာမတည်ငွေရင်း အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကို ကနဦးထည့်ဝင်မည်ဆိုပါက အစုရှယ်ယာရှင်များက ကုမ္ပဏီကို အစုရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာစီတန်ဖိုးရှိသော အစုပေါင်း ၁၀,၀၀၀ စု သို့မဟုတ် အစုရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာစီတန်ဖိုးရှိသော အစုပေါင်း ၁,၀၀၀ စုစီ ထုတ်ဝေရောင်းချစေမည်ဖြစ်ပါသည်။ သို့ရာတွင် အစုရှယ်ယာရှင်များအနေဖြင့် အချိန်ယူ၍ထပ်မံစဉ်းစားလိုပါက ဥပမာအားဖြင့် အစုရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာစီတန်ဖိုးဖြင့် အစုရှယ်ယာပေါင်း ၁၀၀ စုဖြင့် သာ ကုမ္ပဏီကိုဖွဲ့စည်းတည်ထောင်၍ ထိုသို့ဖွဲ့စည်းတည်ထောင်ပြီးမှသာ လုပ်ငန်းစတင်ရန်အတွက်ငွေကြေးဖြည့် ဆည်းမှု (Start-up Funding) အတွက် အစုရှယ်ယာမတည်ငွေရင်းများကိုထပ်မံထည့်ဝင်ရန် ဆောင်ရွက်ကြရပါ မည်။ အစုရှယ်ယာရှင်များသတိပြုရမည့်အချက်တစ်ခုမှာ အစုရှယ်ယာမတည်ငွေရင်းကို ကုမ္ပဏီတွင် ထည့်ဝင်ပြီး သည်နှင့် ကုမ္ပဏီထံမှ အဆိုပါမတည်ငွေရင်းကို ပြန်လည်ထုတ်ယူရန် မလွယ်ကူတော့ပါ။ ကုမ္ပဏီမှအစုရှယ်ယာ မတည်ငွေရင်းကို ထုတ်ယူလိုပါက သက်ဆိုင်ရာအစုရှယ်ယာများကို ပယ်ဖျက်ရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက် မည်ဆိုပါက အစုရှယ်ယာရှင်များ၏အထူးအစည်းအဝေးဆုံးဖြတ်ချက်ကိုလိုအပ်သည့်အပြင် အဆိုပါကိစ္စရပ်ကို ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ အကြောင်းကြားတင်ပြရန်လိုအပ်ပါသည်။
အပြည့်အဝထည့်ဝင်ပြီးသောအစုရှယ်ယာများ နှင့် တစ်ပိုင်းတစ်စထည့်ဝင်ပြီးသောအစုရှယ်ယာများ
အစုရှယ်ယာနှုန်းထားများကို ကုမ္ပဏီထံသို့ အမှန်တကယ်ပေးသွင်းထည့်ဝင်ကြရပါသည်။ အများအားဖြင့် ဤသို့
ထည့်ဝင်မှုကို အစုရှယ်ယာရှင်အသစ်က ကိုယ်တိုင်လုပ်ဆောင်လေ့ရှိသော်လည်း ထိုအစုရှယ်ယာရှင်၏ကိုယ်စား အခြားပုဂ္ဂိုလ်တစ်ဦးက ထည့်ဝင်မည်ဆိုပါကလည်း အဆင်ပြေပါသည်။ သို့ရာတွင် ထိုသို့ထည့်ဝင်မှုသည် ကုမ္ပဏီ အတွက် ဥပဒေလိုက်နာမှုဆိုင်ရာပြဿနာတစ်ရပ်ရပ် (ငွေကြေးခဝါချမှုကိုဖြစ်စေနိုင်သောအခြေအနေများကဲ့သို့) နှင့် ပတ်သက်ဆက်နွှယ်မှုမရှိရပါ။ အစုရှယ်ယာနှုန်းထားများကို တစ်ကြိမ်တည်း အပြည့်အဝပေးသွင်း ထည့်ဝင်ရန် လည်း မလိုအပ်ပါ။ ကုမ္ပဏီအနေဖြင့် တစ်ပိုင်းတစ်စထည့်ဝင်ပြီးသောအစုရှယ်ယာများလည်း ထုတ်ဝေရောင်းချ နိုင်ပါသည်။ အဆိုပါအစုရှယ်ယာများမှာ စုစုပေါင်းနှုန်းထားအားလုံးကို ပေးသွင်းထည့်ဝင်ခြင်းမပြုသေးဘဲ ထည့်ဝင် ထားသောနှုန်းထားတစ်စိတ်တစ်ပိုင်းအတွက် ထုတ်ဝေပေးသောအစုရှယ်ယာများဖြစ်ကြပါသည်။ အများအားဖြင့် အစုရှယ်ယာများကို အစုရှယ်ယာရှင်များထံသို့ ထုတ်ဝေပေးချိန်တွင် ထိုအစုရှယ်ယာအားလုံးမှာ အပြည့်အဝထည့် ဝင်ထားပြီးအခြေအနေဖြစ်ပါသည်။ သို့ရာတွင် ဥပမာအားဖြင့် အစုရှယ်ယာရှင်တစ်ဦးသည် အစုရှယ်ယာမတည် ငွေရင်းစုစုပေါင်းအမေရိကန်ဒေါ်လာ ၂၀ ဒေါ်လာထည့်ဝင်ပါက အစုရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာနှုန်းထားဖြင့် အစုရှယ်ယာ ၂၀ စု ပိုင်ဆိုင်မည်ဖြစ်ပါသည်။ ထိုအစုရှယ်ယာရှင်သည် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာသာ ထည့်ဝင်နိုင်ပါသည်။ ထိုသို့ဆိုပါက အဆိုပါအစုရှယ်ယာများသည် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ဖြင့် တစ်ပိုင်းတစ်စထည့်ဝင်ပြီးသောအစုရှယ်ယာများဖြစ်လာမည်ဖြစ်ပါသည်။
အစုရှယ်ယာရှင်တစ်ဦးက တစ်ပိုင်းတစ်စထည့်ဝင်ထားပြီးသောအစုရှယ်ယာအသစ်များကို ပိုင်ဆိုင်ပါက ထိုအစု ရှယ်ယာနှုန်းထား၏ထည့်ဝင်ရန်ကျန်ငွေမှာ ထိုအစုရှယ်ယာရှင်က ကုမ္ပဏီအပေါ်တင်ရှိသည့်ကြွေးမြီဖြစ်လာမည်။ ကုမ္ပဏီ နှင့် အစုရှယ်ယာရှင်တို့အကြား သဘောတူညီထားပါက အဆိုပါကြွေးမြီကို ထည့်ဝင်ခြင်းမပြုဘဲ အချိန် အကြာကြီးထားရှိနိုင်ပါသည်။ သို့ရာတွင် အခြားနည်းသဘောတူထားပါက အဆိုပါကြွေးမြီကို ထည့်ဝင်ရန်အတွက် ကုမ္ပဏီက မည်သည့်အချိန်တွင်မဆို တောင်းဆိုနိုင်ပါသည် (ထိုသို့တောင်းဆိုခြင်းကို တစ်ပိုင်းတစ်စထည့်ဝင် ပြီးသောအစုရှယ်ယာများအတွက် ထပ်မံထည့်ဝင်ရန် “တောင်းခေါ်ခြင်း (Call)” ဟုရည်ညွှန်းပါသည်)။ သို့ဖြစ်၍ ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာအချက်အလက်များတွင် စုစုပေါင်းအစုရှယ်ယာမတည်ငွေရင်းပမာဏ၊ အမှန်တကယ် ထည့်ဝင်ပြီးအစုရှယ်ယာမတည်ငွေရင်းပမာဏ၊ မထည့်ဝင်ဘဲ ကျန်ရှိနေသေးသောအစုရှယ်ယာပမာဏ (အစု ရှယ်ယာရှင်တစ်ဦးအလိုက်) တို့ကို မှတ်တမ်းတင်ထားရမည်ဖြစ်ပါသည်။ သို့မှသာ ကုမ္ပဏီသို့ထည့်ဝင်ရန် အစု ရှယ်ယာမတည်ငွေရင်းကြွေးမြီမည်မျှကျန်ရှိသေးသည်ကို ကုမ္ပဏီ နှင့် အစုရှယ်ယာရှင်များက သိရှိနိုင်မည် ဖြစ်ပါ သည်။
အကျဉ်းချုပ်သုံးသပ်ချက်
ကုမ္ပဏီအသစ်တစ်ခုက အစုရှယ်ယာအရေအတွက်မည်မျှထုတ်ဝေရောင်းချမည်ဖြစ်ကြောင်း၊ အစုရှယ်ယာနှုန်းထား များမှာ မည်မျှသတ်မှတ်မည်ဖြစ်ကြောင်းဆုံးဖြတ်ရာတွင် မှားသည်၊ မှန်သည်ဟူ၍ မရှိပါ။ သက်ဆိုင်ရာအခြေ အနေပေါ်မူတည်၍သာ သင့်လျော်သည့်ရွေးချယ်မှုကို ရွေးချယ်ရန်ဆုံးဖြတ်ကြရခြင်းဖြစ်ပါသည်။ အထက်ပါ အထွေထွေဆွေးနွေးတင်ပြချက်တွင် ကုမ္ပဏီအသစ်တစ်ခု၏အစုရှယ်ယာရှင်များဖြစ်လာမည့်သူများက ၄င်းတို့၏ အစုရှယ်ယာအသစ်များ မည်သည့်အရေအတွက်ရှိသင့်ကြောင်း၊ မည်သည့်နှုန်းထားရှိသင့်ကြောင်း ရွေးချယ် ဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့်အခြေခံအချက်များကို အကျဉ်းထည့်သွင်းဖော်ပြထားပါသည်။ ကုမ္ပဏီ အသစ်တစ်ခုကို ဖွဲ့စည်းတည်ထောင်လိုပါက အသင့်လျော်ဆုံးဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်ရန်အတွက် Share Structure နှင့် အခြားဖွဲ့စည်းတည်ထောင်မှုဆိုင်ရာကိစ္စရပ်များကို ကျွန်ုပ်တို့နှင့်လာရောက်ဆွေးနွေး၍ အကြံဉာဏ် များရယူနိုင်ပါသည်။
Comentários