top of page
Mark Livingston

မြန်မာနိုင်ငံရှိ အဓိကလုပ်ငန်းအဖွဲ့အစည်းအမျိုးအစားများ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) (နောင်တွင် ကုမ္ပဏီများဥပဒေဟု ခေါ်ဆိုမည်) အရ မြန်မာနိုင်ငံရှိ ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (နောင်တွင် DICA ဟု ခေါ်ဆိုမည်) တွင် မှတ်ပုံတင်ကြရသည်။ DICA သည် ကုမ္ပဏီများညွှန်ကြားမှုကို စီမံကြီးကြပ်၍ မှတ်ပုံတင်ကုမ္ပဏီအဖြစ် လုပ်ငန်းဆောင်ရွက်သည်။ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် စတင်မိတ်ဆက်ခဲ့သည့် မြန်မာနိုင်ငံကုမ္ပဏီများအွန်လိုင်း အီလက်ထရွန်းနစ်မှတ်တမ်းသိမ်းဆည်းခြင်းနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းစနစ်သစ်ကြောင့် ယခင်ကထက် ကုမ္ပဏီသစ်များအဖို့ မှတ်ပုံတင်ဖွဲ့စည်းတည်ထောင်ရာတွင်နှင့် တည်ဆဲကုမ္ပဏီများအတွက် စည်းကမ်းလိုက်နာမှု စီမံခန့်ခွဲရာတွင်နှင့် မှတ်တမ်းသိမ်းဆည်းရာတွင် မြန်ဆန်လွယ်ကူရှင်းလင်းလာသည်။

မြန်မာနိုင်ငံရှိ အဓိကလုပ်ငန်းအဖွဲ့အစည်းအမျိုးအစားများ၏ အကျဉ်းချုပ်အချက်အလက်များကို အောက်တွင် ဖော်ပြထားပါသည်။


အစုရှယ်ယာများဖြင့် ကန့်သတ်ထားသော ပုဂ္ဂလိကကုမ္ပဏီများ

အခြားနိုင်ငံအတော်များများမှာကဲ့သို့ပင် အတွေ့ရအများဆုံး ဖွဲ့စည်းတည်ထောင်ထားသည့် လုပ်ငန်းအဖွဲ့အစည်း များမှာ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသော ပုဂ္ဂလိကကုမ္ပဏီများ (နောင်တွင် PCLS ဟု ခေါ်ဆိုမည်) ဖြစ်သည်။ PCLS တစ်ခုသည် မိမိ၏ ကိုယ်ပိုင်အမည်ဖြင့် အခြေပစ္စည်းများ ပိုင်ဆိုင်ခွင့်၊ စာချုပ်ချုပ်ဆိုခွင့် ရရှိထားသည့် သီးခြားတရားဝင် အဖွဲ့အစည်းဖြစ်ပြီး အစုရှယ်ယာရှင်များ၏ တာဝန်ကိုလည်း (၎င်းတို့ ဝယ်ယူထားသည့် အစုရှယ်ယာမတည်ငွေရင်းနှင့်အညီ) ကန့်သတ်ထားသည်။ သို့သော်ငြားလည်း ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရာတွင် ပုံမှန်အားဖြင့် အစီရင်ခံခြင်းနှင့် မှတ်တမ်းတင်ပြခြင်းတို့ ပြုလုပ်ရဆဲဖြစ်ပြီး DICA တွင် မှတ်ပုံတင်ထားသည့် အချက်အလက်အများစုကို အများသူငါဝင်ရောက်ကြည့်ရှုနိုင်သည်။

PCLS တစ်ခုတွင် ဒါရိုက်တာတစ်ဦးနှင့် အစုရှယ်ယာရှင်တစ်ဦး ရှိရမည်ဖြစ်ပြီး အနည်းဆုံး ဒါရိုက်တာတစ်ဦးသည် မြန်မာနိုင်ငံတွင် အတည်တကျနေထိုင်သူဖြစ်ရမည်။ အစုရှယ်ယာရှင် (၅၀) ဦးထက် မပိုစေရပါ။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ၃၅% ထက် မပိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပါဝင်သော ကုမ္ပဏီများကို “မြန်မာကုမ္ပဏီများ” အဖြစ် ခွဲခြားသတ်မှတ်ထားသည်။ ဤသို့ခွဲခြားသတ်မှတ်ခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လိုင်စင်ထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် “မြန်မာကုမ္ပဏီများ” ကို မြန်မာပိုင်ကုမ္ပဏီများအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ သို့သော် အချို့သောဝန်ကြီးဌာနများနှင့် ကိုယ်စားလှယ်ရုံးများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် လိုင်စင်ထုတ်ပေးခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မိမိတို့၏ တာဝန်ဝတ္တရားမူဘောင်အတွင်းမှ ကိုယ်ပိုင်လိုအပ်ချက်များ သတ်မှတ်ထား နိုင်သည်။ ထို့ကြောင့် “မြန်မာကုမ္ပဏီများ” အဖြစ် DICA က ခွဲခြားသတ်မှတ်စေကာမူ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပါဝင်သော ကုမ္ပဏီများ လုပ်ငန်းဆောင်ရွက်သည့် ကဏ္ဍတိုင်းတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အနည်းစုပါဝင်သော PCLS က လုပ်ငန်းဆောင်ရွက်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ 


အစုရှယ်ယာဖြင့် ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ

အများနှင့်သက်ဆိုင်သော ကုမ္ပဏီသည် အစုရှယ်ယာရှင် (၅၀) ဦးထက် ပိုမိုထားရှိနိုင်ပြီးလျှင် အလားအလာညွှန်းတမ်းနှင့် စာရင်းဖျက်သိမ်းခြင်းသတ်မှတ်ချက်များ (disclosure requirements) နှင့်အညီ အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေးသက်သေခံစာချုပ်များကို ရန်ပုံငွေထူထောင်ရန် အများပြည်သူသို့ ကမ်းလှမ်းရောင်းချနိုင်သည်။ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် စာရင်းသွင်းစည်းကမ်းချက်များနှင့်အညီ ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange) တွင် စာရင်းသွင်းနိုင်သည်။ 

PCLS နှင့် နှိုင်းယှဉ်ကြည့်သော် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများကို ပိုမိုမြင့်မားသည့် စံသတ်မှတ်ချက်များဖြင့် ကြီးကြပ်၍ အစီရင်ခံရာတွင်လည်း လိုအပ်ချက်ပိုမိုများပြားသည်။ ဤသို့ ပိုမိုမြင့်မားသည့် စံသတ်မှတ်ချက်များရှိရခြင်းမှာ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများတွင် အမြောက်အများရှိလာနိုင်သည့် လူနည်းစုအစုရှယ်ယာရှင်များကို ပိုမိုအကာအကွယ်ပေးရန်ဖြစ်သည်။


ပြည်ပကော်ပိုရေးရှင်းများ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ “နိုင်ငံခြားကော်ပိုရေးရှင်း” ဆိုသည်မှာ မြန်မာနိုင်ငံပြင်ပတွင် ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီကို ဆိုလိုသည်။ နိုင်ငံခြားကော်ပိုရေးရှင်းများသည် မြန်မာနိုင်ငံတွင် တိုက်ရိုက်လုပ်ငန်းဆောင်ရွက်နိုင်ရန် ခွင့်ပြုမိန့်ရရှိနိုင်စေရန် DICA တွင် မှတ်ပုံတင်နိုင်သည်။ နိုင်ငံခြားမိခင်ကုမ္ပဏီအား အစုဖြင့် ပေးရန်တာဝန်ကန့်သတ်နိုင်ရန် လက်အောက်ခံ PCLS တည်ထောင်ခြင်းနှင့် နှိုင်းယှဉ်သော် မှတ်ပုံတင်ထားသည့် နိုင်ငံခြားကော်ပိုရေးရှင်းသည် ၎င်း၏ လုပ်ဆောင်မှုများအတွက် တိုက်ရိုက် တာဝန်ရှိသည်။ နိုင်ငံခြားကော်ပိုရေးရှင်းက မြန်မာနိုင်ငံတွင် ရရှိသည့် မည်သည့်အမြတ်မဆို ကုမ္ပဏီ၏ တိုက်ရိုက်ဝင်ငွေဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော လက်အောက်ခံကုမ္ပဏီမှ နိုင်ငံခြားမိခင်ကုမ္ပဏီထံသို့ အမြတ်ဝေစုလွှဲပြောင်းပို့ဆောင်ခြင်းအပေါ် ပင်ရင်းမှနှုတ်ယူသည့် ဝင်ငွေခွန် (Withholding Tax) မကောက်ခံပါ။  

မှတ်ပုံတင်ထားသော နိုင်ငံခြားကော်ပိုရေးရှင်းသည်လည်း မြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီများနှင့် အလားတူ မစီရင်ခံခြင်း၊ မှတ်တမ်းသိမ်းဆည်းခြင်း ပြုလုပ်ရမည်။


မကန့်သတ်ထားသော ကုမ္ပဏီ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ စာရင်းရှင်းလင်းဖျက်သိမ်းချိန်တွင် ကုမ္ပဏီ၏ လက်ကျန်ကြွေးမြီများကို  အစုရှယ်ယာရှင်များနှင့် အဖွဲ့ဝင်များက ပေးရန်တာဝန် မကန့်သတ်ထားသော Unlimited Company တည်ထောင်ခြင်းကို ခွင့်ပြုထားသည်။ အချို့သောအခြေအနေများတွင် မကန့်သတ်ထားသော ကုမ္ပဏီများကို ငွေကြေးအစီရင်ခံစာများ မှတ်တမ်းတင်သိမ်းဆည်းရခြင်းမှ ကင်းလွတ်ခွင့်ပြုထားသဖြင့် အစုရှယ်ယာရှင်များအတွက် ပိုမိုလုံခြုံစေသည်။ သို့သော် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ခွင့်ပြုထားပုံ မရဘဲ လက်ရှိအခြေအနေတွင် မြန်ာနိုင်ငံတွင်လည်း မကန့်သတ်ထားသော ကုမ္ပဏီများ မရှိသေးပါ။  


အစုစပ်ကုမ္ပဏီများ (Joint Ventures)

မြန်မာနိုင်ငံတွင် အစုစပ်ကုမ္ပဏီများကို အများဆုံးတွေ့မြင်ရပြီး အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများအကြား ပူးပေါင်းဆောင်ရွက်၍ အစုစပ်လုပ်ကိုင်ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုစည်းကမ်းသတ်မှတ်ချက်များအရ အချို့သောကဏ္ဍများတွင် ကုမ္ပဏီများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပါဝင်ရန်မှာ အနိမ့်ဆုံးလိုအပ်ချက်ဖြစ်သည့်အတွက် တစ်ခါတရံတွင် အစုစပ်ပူးပေါင်းမှုကို စည်းသတ်မှတ်ချက်အရရော စီးပွားရေးသဘောတရားအရပါ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်သည်။ အစုစပ်လုပ်ငန်းအများစုကို အစုရှယ်ယာရှင်များသဘောတူစာချုပ် သို့မဟုတ် အစုစပ်လုပ်ငန်းကို အသေးစိတ်ဖော်ပြထားသော အခြားပဋိညာဉ်စာချုပ်ချုပ်ဆို၍ ပူးတွဲပိုင်ဆိုင်သည့် PCLS ကို လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီအဖြစ် အသုံးပြုကာ တည်ထောင်ကြသည်။ ကုမ္ပဏီတည်ထောင်ထားခြင်းမရှိသော အစုစပ်လုပ်ငန်းကို ပဋိညာဉ်စာချုပ်ချုပ်ဆို၍ ဆောင်ရွက်နိုင်သည်။ တစ်ဆင့်ခံလုပ်ငန်း (Franchising) နှင့် ပြင်ပဝန်ဆာင်မှုရယူခြင်းတို့ကိုလည်း အခြားပုံစံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပဋိညာဉ်ချုပ်ဆိုခြင်းအားဖြင့် ဆောင်ရွက်နိုင်ပါသည်။


တစ်ဦးတည်း ပိုင်ဆိုင်ခွင့် (Sole proprietorship)

လူပုဂ္ဂိုလ် (Natural person) သည် တစ်ဦးတည်းပိုင်အဖြစ် မြန်မာနိုင်ငံတွင် လုပ်ငန်းတစ်ခုကို တိုက်ရိုက်ပိုင်ဆိုင်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ ဤပုံစံကို မြန်မာနိုင်ငံသားပိုင် အသေးစားလုပ်ငန်းများတွင် တွေ့မြင်နိုင်ပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအတွက်မူ လက်တွေ့ကျသည့် ရွေးချယ်မှုနည်းလမ်း မဟုတ်ပါ။ ကုမ္ပဏီတစ်ခုနှင့် နှိုင်းယှဉ်သော် တစ်ဦးတည်းပိုင်လုပ်ငန်းများသည် လိုက်နာရသည့် စည်းကမ်းနှင့် အစီရင်ခံရသည့် တာဝန်များ နည်းပါးသည်။ သို့သော် တစ်ဦးတည်းပိုင်ဆိုင်သူသည် လုပ်ငန်း၏ ကြွေးမြီများနှင့် ပေးရန်တာဝန်များအတွက် ကိုယ်တိုင်တာဝန်ရှိပြီး မိမိအနားယူသည့်အခါ သို့မဟုတ် သေဆုံးပြီးနောက် လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် သီးခြားစီစဉ်မှုများ ပြုလုပ်ရသည်။


ဖက်စပ်လုပ်ကိုင်ခြင်း (Partnership)

ဖက်စပ်လုပ်ကိုင်ခြင်းကို ၁၉၃၂ ဖက်စပ်လုပ်ငန်းအက်ဥပဒေအရ မြန်မာနိုင်ငံတွင် ခွင့်ပြုထားသည်။ (ဖက်စပ်လုပ်ငန်းဥပဒေသစ်ကို ရေးဆွဲပြင်ဆင်လျက်ရှိသော်လည်း မည်သည့်အချိန်တွင် ပြဋ္ဌာန်းမည်ကို လက်ရှိတွင် မသိရသေးပါ) မြန်မာနိုင်ငံသားများသည် မိမိတို့၏ မိတ်ဆွေ၊ မိသားစုဝင်၊ အခြားသူများနှင့် ဖက်စပ်လုပ်ကိုင်ကြသော်လည်း လက်ရှိတွင် စနစ်တကျဖက်စပ်လုပ်ကိုင်ခြင်း (formal partnership) လုပ်ကိုင်ခြင်းမျိုး မတွေ့ရသေးပါ။ ဖက်စပ်လုပ်ငန်းထူထောင်ရာတွင် ဖက်စပ်လုပ်ကိုင်သူများအကြား လုပ်ငန်းအမြတ်ခွဲဝေမှု သဘောတူညီချက်ဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။ ဖက်စပ်လုပ်ကိုင်ခြင်းတွင် PCLS ကဲ့သို့ ပေးရန်တာဝန်ကန့်သတ်ထားခြင်းမရှိဘဲ ဖက်စပ်လုပ်ကိုင်သူများသည် လုပ်ငန်းတွင် ပေါ်ပေါက်သည့် ဆုံးရ့ှုးမှုများအတွက် ၎င်းတို့ကိုယ်တိုင် တာဝန်ရှိပါသည်။ တတိယအဖွဲ့၏ အခွင့်အရေးတောင်းဆိုမှုအန္တရာယ်မှ ကာကွယ်ရန် ဖက်စပ်လုပ်ငန်းကို DICA တွင် မှတ်ပုံတင်ထားရန် လိုအပ်ပါမည်။


အပ်နှံခြင်းလုပ်ငန်း (Trusts)

မြန်မာနိုင်ငံတွင် အပ်နှံခြင်းလုပ်ငန်းကို ခွင့်ပြုထားပြီး ၁၈၈၂ အပ်နှံခြင်းလုပ်ငန်းအက်ဥပဒေဖြင့် လွှမ်းမိုးအုပ်ချုပ်သည်။ သို့သော် ကျွန်ုပ်တို့ သိရှိသလောက် မြန်မာနိုင်ငံ၌ လက်ရှိတွင် အပ်နှံခြင်းလုပ်ငန်းကို မတွေ့ရဘဲ နားလည်သိရှိသူနည်းပါးကြသေးသည်။ 


အာမခံဖြင့် ပေးရန်တာဝန်ကန့်သတ်ထားသော အများဆိုင်ကုမ္ပဏီ

အများနှင့် သက်ဆိုင်သော ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်နိုင်ပြီး ၎င်းတွင် အစုရှယ်ယာမတည်ငွေရင်း သတ်မှတ်ထားခြင်းမရှိဘဲ ကုမ္ပဏီအဖွဲ့ဝင်အသီးသီးတို့က ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါ ပေးရန်တာဝန်များအတွက် ငွေကြေးပမာဏထည့်ဝင်ပေးဆပ်ရန် အာမခံပေးကြရသည်။ အာမခံပမာဏသည် မျက်မြင်တန်ဖိုးလည်း ဖြစ်နိုင်သည်။ ဤပုံစံကို တစ်ခါတရံ အမြတ်အစွန်းအတွက် မဟုတ်သော အဖွဲ့အစည်း သို့မဟုတ် ပရဟိတအဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် အသုံးပြုကြသည်။ အစုရှယ်ယာမတည်ငွေရင်း သတ်မှတ်ထားခြင်းမရှိသောကြောင့်  (အစုရှယ်ယာလွှဲပြောင်းခြင်းနှင့် နှိုင်းယှဉ်ပါက) အဖွဲ့ဝင်အပြောင်းအလဲကိစ္စရပ်များကို ပိုမိုရိုးရှင်းလွယ်ကူစေပြီး အများဆိုင်ကုမ္ပဏီများအတွက် အစီရင်ခံရာတွင် ပိုမိုမြင့်မားသည့် စံသတ်မှတ်ချက်များ ရှိသည့်အတွက် အဖွဲ့ဝင်များကို ပိုမိုအကာအကွယ်ပေးသည်။


ကုန်သွယ်ရေးအသင်း (Trade association)

ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အမြတ်အစွန်းအတွက်မဟုတ်သည့် အသင်းအဖွဲ့များသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ DICA တွင် မှတ်ပုံတင်နိုင်သည်။ ၎င်းကိုယ်တိုင်က လုပ်ငန်းမဟုတ်သော်လည်း ဤကဲ့သို့ ဖွဲ့စည်းတည်ထောင် ထားသော အသင်းအဖွဲ့ကို စက်မှုလုပ်ငန်းနှင့် ကုန်သည်များအသင်း သို့မဟုတ် အခြားကုန်သွယ်ရေး မြှင့်တင်မှုအဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်ရန် အသုံးပြုနိုင်သည်။

bottom of page